ဤBlog သည့် ကျွန်ုပ် နှစ်သက်မိသော စာအုပ်စာပေ နှင့် အတွေးအမြင် များကို သိမ်းဆည်းထားသည့် အထွေထွေအွန်လိုင်းမှတ်စုစာအုပ်တစ်အုပ်မျှသာဖြစ်ပါသည်..ရောက်ရှိလာသော သူငယ်ချင်းများ မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ..

Wednesday, August 26, 2015

စိတ်သည် နှလုံးသား၌ တည်သလော၊ ဦးနှောက်၌ တည်သလော


စိတ်သည် နှလုံးသား၌ တည်သလော၊ ဦးနှောက်၌ တည်သလောဆိုသည့် ပြဿနာသည် လူတစ်ချို့ကြားတွင် အငြင်းပွားဖွယ်ရာ ပြဿနာတစ်ခု ဖြစ်သည်။ ထိုပြဿနာနှင့် ပတ်သက်၍ စာစုတွင် ဗုဒ္ဓ၏ အဘိဓမ္မာရှုထောင့်မှ ချဉ်းကပ်ရေးသားသွားမည် ဖြစ်သည်။ အဘိဓမ္မာအရ မနောဓာတ်၊ မနောဝိညာဏဓာတ်ခေါ် ‘စိတ်’သည် ‘ဟဒယ၀တ္ထု’ဟုခေါ်သည့် ရုပ်တွင် တည်ရှိသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ဟဒယ၀တ္ထုဟူသည် မည်သို့သော ရုပ်မျိုးဖြစ်သည်ကို သိရှိနားလည်မှ စိတ်၏တည်ရာကိုလည်း သိနားလည်နိုင်ပေလိမ့်မည်။

 


ဟဒယ၀တ္ထုနှင့် ပတ်သက်၍ …
(၁) ဟဒယ၀တ္ထုဆိုသည်ကို ဘုရားဟောခဲ့သလော
(၂) ဟဒယ၀တ္ထုဟူသည် အဘယ်နည်း - ဟူသည့် မေးခွန်း(၂)ရပ် ရှိပါသည်။

မေးခွန်း(၁) နှင့် ပတ်သက်၍ ပြောရမယ်ဆိုလျှင် ပိဋကတ်ပါဠိတော်တွင် မည်သည့်ပါဠိတွင်မျှ ဟဒယ၀တ္ထုအမည်ဖြင့် ဟောကြားခဲ့ခြင်း မရှိပါ။ ဓမ္မသင်္ဂဏီပါဠိတော်၊ ရူပကဏ္ဍသည် ရုပ်တရားအားလုံးကို ဟောကြားသည့်ပါဠိတော်ဖြစ်သော်လည်း ဟဒယ၀တ္ထုရုပ်ဟူ၍ မပါရှိပါ။ (ဓမ္မသင်္ဂဏီ အဋ္ဌကထာ၊ မူလဋီကာ၊ အနုဋီကာတို့တွင်သာ ပါပြီး ပါဠိတော်တွင် မပါဝင်ပါ)
သို့သော် ပဋ္ဌာန်းပါဠိတော်တွင် ဘုရားရှင်က “၀တ္ထု ခန္ဓာနံ၊ ခန္ဓာ ၀တ္ထုဿ ပုရေဇာတပစ္စယေန ပစ္စယော” စသည်ဖြင့် ‘၀တ္ထုရုပ်’ ဟု နာမည်တပ်၍ ဟောကြားခဲ့ပါသည်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသလက်ထက်ရောက်မှ ‘ဟဒယ’ဆိုသည့် စကားလုံးထည့်၍ ဟဒယ၀တ္ထုဟု စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ထိုပဋ္ဌာန်းပါဠိတော်၌ပင် “ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော” ဟု ဟောကြားခဲ့ရာ ‘ရူပံ’သည် ထိုဟဒယ၀တ္ထုကို ရည်ညွှန်းခြင်း ဖြစ်သည်။ သို့သော် ဟဒယ၀တ္ထုနာမည်ဖြင့် မဟောဘဲ ရူပံ(ရုပ်)ဟူသည့် သာမညနာမည်ဖြင့် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သတိမူသင့်သည်။ ထိုကြောင့် ဟဒယ၀တ္ထုဟူသည် မြတ်စွာဘုရားရှင် တိုက်ရိုက်ဟောကြားတော်မူခဲ့သော နာမည်မဟုတ်ဘဲ အဋ္ဌကထာဆရာ စတင်သုံးစွဲခဲ့သော နာမည်ဖြစ်ပါသည်။


နံပါတ်(၂) မေးခွန်းဖြစ်သည့် ဟဒယ၀တ္ထုဟူသည် အဘယ်နည်း-ဆိုသည့်မေးခွန်းကို ဖြေဆိုရမည်ဆိုလျှင် နှလုံးသား၏ အလယ်တွင် ပုန်းညက်စေ့ခန့်ပမာဏရှိသော တွင်းငယ်ရှိပြီး ထိုတွင်းငယ်အတွင်း၌ တစ်လက်ဖက်ခန့်လောက်ပမာဏရှိ သွေးများ ရှိသည်ဟု ဆိုပါသည်။ ထိုသွေးအတွင်း၌ ပျံ့နှံ့၍ တည်နေသောရုပ်ကို ဟဒယ၀တ္ထုဟု ခေါ်ပါသည်။ ဤအဖွင့်ကို ထောက်ဆ၍ ကြည့်မည်ဆိုလျှင် ဟဒယသည် နှလုံးသားဟု အဓိပ္ပါယ်ရပြီး စိတ်သည် နှလုံးသား၌ တည်သည်ဟု ပြောရမည်ဖြစ်သည်။

ဟဒယ = နှလုံးသား။
ဟဒယ၀တ္ထု = နှလုံးသား၏ တည်ရာရုပ်တရား။
စိတ်သည် ဟဒယ၀တ္ထုကို မှီ၍ဖြစ်။
ထိုကြောင့် စိတ်သည် နှလုံးသား၌ တည် - ဟု အလွယ်မှတ်ပါ။


‘ဟဒယ’ဆိုသည့် ပါဠိ၏ နောက်ထပ်အဓိပ္ပါယ်တစ်မျိုးမှာ ‘စိတ်’ ဖြစ်သည်။ ဦးဟုတ်စိန်၏ မြန်မာ - အင်္ဂလိပ် - ပါဠိ အဘိဓာန်တွင် ဟဒယ = နှလုံး၊ စိတ်နှလုံး၊ The heart, the mind ဟူ၍ ဖွင့်ဆိုထားသည်။ အင်္ဂလိပ်လို ပြန်ဆိုရာ၌လည်း ဟဒယကို Heartဟူ၍ ပြန်လေ့ရှိပြီး Heart သည် နှလုံးသားဟူသောအဓိပ္ပါယ်သာမက စိတ်ဟူသော အဓိပ္ပါယ်လည်း ရသည်။ ထိုသို့ ဟဒယကို စိတ်ဟူ၍ မြန်မာပြန်ဆိုလျှင် ဟဒယ၀တ္ထုဆိုသည်မှာ စိတ်၏တည်ရာရုပ်တရားကို ဆိုလိုသည်။ စိတ်သည် မည်သည့်ရုပ်တရား၌ တည်သည်ဖြစ်စေ (စိတ်တည်ရှိရာ)ထိုရုပ်သည်ပင် ဟဒယ၀တ္ထုဖြစ်သည်။ ထိုကြောင့် စိတ်သည် နှလုံးသား၌ဖြစ်စေ၊ ဦးနှောက်၌ဖြစ်စေ(မည်သည့်ရုပ်၌မဆို) တည်ရှိနိုင်သည်။

ဟဒယ = စိတ်။
ဟဒယ၀တ္ထု = စိတ်ရဲ့တည်ရာရုပ်။
စိတ်သည် ဟဒယ၀တ္ထုကို မှီ၍ဖြစ်။
ထိုကြောင့် စိတ်၏တည်ရာမှီရာဖြစ်သော ရုပ်သည်ပင် စိတ်ရှိရာအရပ်- ဟု အလွယ်မှတ်ပါ။

ဤဒုတိယအဖွင့်သည် ယုတ္တိဗေဒနှင့် ကိုက်ညီပြီး လူအများလည်း ပိုပြီး လက်ခံနိုင်ဖွယ်ရာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် စိတ်သည် နှလုံးသား၌ တည်သည်ဖြစ်စေ၊ ဦးနှောက်၌ တည်သည်ဖြစ်စေ ဤအဖွင့်နှင့် မဆန့်ကျင်သောကြောင့်ပင်။ ထိုကြောင့်ပင် ဘုရားရှင်က ဟဒယ၀တ္ထုနာမည်ဖြင့် မဟောဘဲ ၀တ္ထု(စိတ်၏တည်ရာ)ဆိုသည့်သာမန်နာမည်ဖြင့် ဟောကြားခဲ့လေသလောဟုလည်း တွေးတောဖွယ်ရာ ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ အာရုံတစ်ခုခုကို မြင်သည့်အခါဖြစ်စေ၊ စိတ်မချမ်းမြေ့ဖွယ်ရာ မကောင်းသတင်းတစ်ခုခု ကြားသည့်အခါဖြစ်စေ ရင်ထဲ၌ ထိတ်ကနဲဖြစ်သွားပြီး နှလုံးသားကို ရိုက်ခတ်သောကြောင့် အချို့စိတ်တို့သည် နှလုံးသား၌ တည်ရှိပြီး တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားသည့်အခါ ဦးနှောက်ပူထူလာခြင်း၊ အကြံအိုက်သည့်အခါ ခေါင်းပွတ်ခြင်းတို့ကို ထောက်ဆသောအားဖြင့် အချို့စိတ်တို့သည် ဦးနှောက်တွင် တည်ရှိနိုင်သည်ဟု ပါချုပ်ဆရာတော်ကြီးက မိန့်ကြားခဲ့ဘူးပါသည်။



နားလည်လွယ်အောင် ပြန်ပြီး လိုရင်းအနှစ်ချုပ်ရလျှင်…

(၁) အဘိဓမ္မာ ဒေသနာအရ စိတ်သည် ဟဒယ၀တ္ထုကို မှီ၍ဖြစ်သည်။
(၂) ထို ‘ဟဒယ၀တ္ထု’ ဆိုသည့် စကားလုံးသည် ဘုရားဟောပါဠိတော်တွင် တိုက်ရိုက်ပါရှိသည်မဟုတ်ဘဲ အဋ္ဌကထာဆရာလက်ထက်တွင်မှ စတင်သုံးစွဲခဲ့ခြင်းဖြစ်သည်။
(၃) ဟဒယ၀တ္ထုကို နှလုံးသား၏တည်ရာရုပ်ဟု အဓိပ္ပါယ်ပြန်ဆိုလျှင် စိတ်သည် နှလုံးသား၌ တည်ရှိသည်။
(၄) ဟဒယ၀တ္ထုကို စိတ်၏တည်ရာရုပ်ဟု အဓိပ္ပါယ်ပြန်ဆိုလျှင် စိတ်သည် နှလုံးသား၌ဖြစ်စေ၊ ဦးနှောက်၌ဖြစ်စေ တည်ရှိနိုင်သည်။
ဤမျှလောက်ဆိုလျှင် စာဖတ်သူတို့လည်း အတန်အသင့် နားလည်နိုင်လောက်ပြီဟု ထင်ပါသည်။


-လေ့လာသင်ယူဘူးသော အဘိဓမ္မာစာပေနှင့် ပါချုပ်ဆရာတော်ကြီး၏ ဟောပြောမှုအချို့ကို မှီငြမ်းရေးသားပါသည်-





No comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks


တင်သမျှပိုစ့် သင့် Email ထဲကနေဖတ်ချင်ရင်/ရောက်နေစေရန်.ပြုလုပ်ပေးပါ  (လေလွင့်နေတဲ့လူ)



အကြံပြုပါ..ပြောချင်တာရှိလျှင်